REAL ESTATE NEW

REAL ESTATE NEW

စက်မှု၀န်ကြီးဌာနလက်အောက်ရှိ စက်ရုံအချို့ကို အပြီးသတ် ရောင်းချရန်စီစဉ်

(အိမ်ခြံမြေ သတင်း )

စက်မှု၀န်ကြီးဌာန လက်အောက်မှ နှစ်စဉ်အရံှုးပေါ်နေသော စက်ရုံ ၅၆ ရုံအနက်အချို့ကို ပုဂ္ဂလိကသို့အပြီးသတ် ရောင်းချရန် စီစဉ်နေသည်။

ယင်းအစီအစဉ်ကို စက်မှု၀န်ကြီးဌာနက ပုဂ္ဂလိကပိုင်ကော် မရှင်သို့ တင်ပြဆောင်ရွက်နေကြောင်း စက်မှု၀န်ကြီးဌာနအမြဲတမ်းအတွင်း၀န် ဦးကိုကိုလွင်က ပြောသော်လည်း အသေးစိတ်ကို မသိရသေးပေ။

‘‘မြန်မြန်မသွားနိုင်ပါဘူး။ တစ်ဆင့်ချင်း၊ တစ်ဆင့်ချင်းသွား တာဖြစ်ပါတယ်။ အရင်ကမှားခဲ့ တဲ့အမှားတွေကို ထပ်မမှားအောင် တော်တော်ကြီးသတိကြီးကြီးထား ပြီးသွားနေတဲ့အနေအထားမျိုးရှိ ပါတယ်’’ ဟု ၎င်းကဆိုသည်။ တပ်မတော်အစိုးရ လက်ထက်နိုင်ငံတကာ စီးပွားရေးပိတ်ဆို့မှု များရှိခဲ့သည့်ကာလတွင် စက််မှု ၀န်ကြီးဌာနလက်အောက်ရှိလုပ်ငန်းများအတွက် တရုတ်ထံမှအတိုးနှုန်းကြီးကြီးနှင့် ဈေးကြီးကြီး ပေးကာ စက်ပစ္စည်းများရတာယူခဲ့ရသည့် အခြေအနေမျိုးကို ထပ်မကျူးလွန်မိအောင် ဆိုလိုခြင်းဖြစ်သည်ဟု အမြဲတမ်းအတွင်း၀န်က ထပ်လောင်းရှင်းပြသည်။

ထိုစဉ်ကစက်မှု၀န်ကြီးဌာန လက်အောက်ရှိစက်ရုံ ၁၁၃ ရုံ အနက် ၅၇ ရုံကိုပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သော်လည်း စက်မှု၀န်ကြီးဌာနက ရရှိသည့် အကျိုးအမြတ်သည်လွန်စွာနည်း ပါးခဲ့သည့်အပြင် ပြန်လည်စိစစ်ရန်ပြည်ထောင်စုလွှတ်တော် ၌ပင် တိုက်တွန်းမှုများရှိခဲ့သည်။

ကျပ်ဘီလျံနှင့် ချီအရံှုးပေါ်နေသော အကြီးစားစက်​ရုံအများစုကို ရပ်ဆိုင်းထားရန် ၂၀၁၇ - ၁၈ အမျိုးသားစီမံကိန်းအပေါ် ဥပဒေကြမ်း ပူးပေါင်းကော်မတီ က ထပ်မံလေ့လာတွေ့ရှိ တင်ပြမှု ကြောင့်စက်ရုံ၊ အလုပ်ရုံ ၂၄ ရုံကို ယာယီရပ်ဆိုင်းရန် ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်ခဲ့ဖူးသည်။

နိုင်ငံတော်က ဆက်လက် လုပ်ကိုင်သင့်သည့် စက်ရုံအချို့ မှလွဲပြီး ကျန်အားလုံးကို ပုဂ္ဂလိက ထံအပြီးအပြတ်လွှဲပြောင်းခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း ၀န်ကြီးဌာနက ထုတ်ပြန်သည်။

စက်မှု၀န်ကြီးဌာနအနေဖြင့် အနာဂတ်အစီအစဉ်အရ စက်မှုဇုန် လုပ်ငန်းများတိုးတက်ရေးသာဆောင်ရွက်မည်ဖြစ်ကြောင်းဆိုထားသည်။

Credit: 7Daydaily